ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(ပီအဲန်အို)၏ အထူးဒေသ(၆) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသကို မထိန်းချုပ်နိုင်လျှင် ပြန်ရုပ်သိမ်းမည်ဟု စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (၇) (စကခ) ဗျူဟာမှူးက ပြောသည်ဟု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် အရာရှိတဦးက ပြော ...
ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(ပီအဲန်အို)၏ အထူးဒေသ(၆) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသကို မထိန်းချုပ်နိုင်လျှင် ပြန်ရုပ်သိမ်းမည်ဟု စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (၇) (စကခ) ဗျူဟာမှူးက ပြောသည်ဟု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် အရာရှိတဦးက ပြောသည်။
ယခု မေလ ၃ ရက်နေ့တွင် ပအိုဝ်းနှင့် ကရင် ပူးပေါင်းတပ်ဖွဲ့တို့သည် စကခ ၇ လက်အောက်ခံ ခမရ ၄၂၆ တပ်ရင်းမှ စစ်ကြောင်းတခုကို ခြုံခိုတိုက်ခိုက်ခဲ့ရာ တဖွဲ့လုံး ကျဆုံး သွားပြီးနောက်ပိုင်းတွင် စကခ (၇) ဗျူဟာမှူး ဗိုလ်မှူးချုပ် မျိုးအေးက ယင်းသို့ ပြောလာသည်ဟု ပီအဲန်အို အရာရှိတဦးက ပြောသည်။
“အခု သူတို့ ဘယ်လိုစိုးရိမ်နေလဲဆိုတော့ ပအိုဝ်းဒေသတွေမှာ သူတို့ တအားစည်းရုံးနေတယ်လေ။ ၂၀၁၀ နီးကပ်နေပြီဆိုတော့။ သူတို့နည်းပရိယာအမျိုးမျိုး သုံးနိုင်တယ်လေ နော်။ သူတို့ပြောနေတဲ့ စကားကတော့ စကခ (၇) ဗိုလ်မှူးချုပ်မျိုးအေးကလေ သူပြော နေတာကတော့ ဒီပအိုဝ်း(ပီအဲန်အို)တွေက သူတို့ဒေသကို မထိန်းနိုင်ဘူးလား။ အဲလို ပီအဲန်အိုကို ကြိမ်းမောင်းနေတယ်။ မင်းတို့ဒေသကို မထိန်းနိုင်ရင် အဲဒီ အထူးဒေသကို ပြန်ရုပ်သိမ်းဖို့လိုနေပြီ။ အဲလို ခြိမ်းခြောက်လာတယ်။”
ဆီဆိုင်မြို့နယ် ဆိုက်ခေါင်နှင့် ဘန်းယဉ်ကြားရှိ ကျေးရွာများကို အခွန်လိုက်ကောက် နေသည့် ခြေမြန်တပ်ရင်း ၄၂၆မှ ဗိုလ်မှူး မျိုးမင်းထွန်း ဦးဆောင်သည့် အင်အား ၁၂ ဦး အဖွဲ့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ ပူးပေါင်းပြီး ခြုံခိုက်တိုက်ခိုက်ရာ ဗိုလ်မှူး မျိုးမင်းထွန်း အပါအ၀င် အားလုံးကျဆုံးပြီး လက်နက်ကြီးငယ် ၁၃ လက်ကို သိမ်းဆည်းရမိသည်ဟု ပီအဲန်အယ်လ်အို က သတင်းထုတ်ပြန်ခဲ့သည်။
ပီအဲန်အို အရာရှိက မေလ ၄ ရက်နေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် ချစ်ဦးက တိုက်ပွဲဖြစ်ပွားသည့်နေရာကို လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်ဟု ပြောသည်။
“အဲဒီနေရာမှာ နအဖ တပ်ရင်းငါးရင်းနဲ့ လိုက်ရှင်းနေတယ်။ အဲဒီ တပ်ရင်းငါးရင်းက စကခ (၇) ကလေ။ စကခ ဗျူဟာမှူး ဗိုလ်မှူးချုပ် မျိုးအေး သူက ဘန်းယဉ်မှာ ထိုင်နေတယ် အခု။ သူက အဓိက အဲမှာ ကွပ်ကဲနေတယ်။ ရွာသားတွေ အခြေအနေကတော့ အခု သူတို့ ရွာတိုင်းကို ခေါ်ပြီး စစ်ဆေး နေတယ်။”
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(ပီအဲန်အယ်လ်အို)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က မြန်မာစစ်အစိုးရ စကခ ဗျူဟာမှူး ဗိုလ်မှူးချုပ် မျိုးအေးက ပီအဲန်အိုကို ခြိမ်းခြောက်ပြောဆိုသည်မှာ မှန်ကန် ကြောင်း သို့သော် ပီအဲန်အိုအတွက် ထူးခြားမှု တစုံတရာ မရှိနိုင်ကြောင်း ပြောသည်။
“ဘာဖြစ်လို့လဲဆိုတော့ အဲဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတဲ့ဟာ သတ်မှတ်ပေးတာ ပြောရရင်တော့ သူတို့ စကခ (၇) စစ်ဒေသ ကွပ်ကဲရေးမှူးတယောက်အနေနဲ့ သတ်မှတ် ပေးတာ မဟုတ်ဘူး။ ရန်ကုန် ညောင်နှစ်ပင်ညီလာခံမှာ ၁၃ နှစ်ကြာအောင်မှ အစည်းအဝေး လုပ်ပြီးတော့မှ ချမှတ်ထားတဲ့ ဟာဖြစ်တယ် ဆိုတဲ့အချိန်ကျတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အမြင်ကတော့ ပီအဲန်အို အနေနဲ့ တုန်လှုပ်လည်း မတုန်လှုပ်နိုင်ဘူး။ တုန်လှုပ်နိုင်စရာ အကြောင်းလည်း မရှိဘူးလို့ ကျနော်တို့ တော့ ဒီလိုပဲ မြင်ပါတယ်။”
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ဗိုလ်မှူး ခွန်အောင်ခမ်းထီ ဦးဆောင်ပြီး ၁၉၉၁ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး လုပ်ထားသည့်အဖွဲ့ဖြစ်သည်။
ပြီးခဲ့သည့် လကုန်ပိုင်းက ကချင်၊ ရှမ်းပြည်မြောက်ပိုင်း၊ ကယားပြည်နယ်ရှိ အပစ်ရပ်အဖွဲ့များကို မြန်မာ စစ်အစိုးရက သီးခြားတွေ့ဆုံပြီး လက်နက်ကိုင်တပ်ဖွဲ့မှ နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့အသွင် ပြောင်းရန် ခေါ်ယူ ဆွေးနွေးချိန်တွင် ပီအဲန်အိုအား ခေါ်ယူဆွေးနွေးခြင်း မရှိသေးဟု သိရသည်။
Monday, 16 April 2012
မွေတော်ကက္ကူနှင့် အသွင်ပြောင်း ပအိုဝ်း
အခါအခွင့်ကြုံသဖြင့် ပအိုဝ်း ဒေသသို့ရောက်ရှိခဲ့သည်၊ တောင်ကြီးမြို့က အနည်းငယ်သွားလိုက်သောအခါ ကျောက်တစ်လုံး သို့ရောက်ရှိခဲ့သည်၊ အတူလိုက်လာသော ဂျပန်များက သူတို့လုပ်စရာ ဒေသဖွံ့ဖြိုးရေး ကိစ္စများကို ကိုယ်စားလှယ်များနဲ့ဆက်လုပ်ကြသည်၊ ကျနော်ကတော့ စီစဉ်ပေးမှုဖြင့် ဂူစခန်းမှ မွေတော် ကက္ကူ ဘုရားများဘက်သို့ထွက်လာခဲ့သည်။

ဝေးသောဒေသများတွင် ဘိန်းစိုက်ပျိုးမှု အနည်းငယ်ရှိတုန်းပင်၊ ကျန်ဒေသများတွင် တခြားစီးပွားဖြစ်သီးနှံများကို စိုက်ပျိုးကြသည်၊ စိုက်ပျိုးရေးဖြင့်ကြီးပွားလာသူများ တဖြေးဖြေးနဲ့ပိုများလာပြီဖြစ်သည်၊ အိမ်ကသစ်သားအိမ်လေးဖြစ်သော်လည်း ဆိုင်ကယ်အနည်းဆုံးတစ်စီးရှိကြသည်၊ တစ်ချို့အိမ်များတွင် ထော်လာဂျီများရပ်ထားကြသည်၊ ခေါင်မိုးပေါ်တွင်ဆိုလာပြားတွေနဲ့ MRTV4 ကိုကြည့်နိုင်သည်၊ ချယ်ရီ FMကို နားထောင်နေကြပြီ၊ လမ်းတွင် အမဲသားရပြီ၊ ဝက်သားရပြီရေးထားသော အိမ်ဆိုင်လေးများ များစွာရှိသည်၊ ဆိုင်တစ်ဆိုင်တွင် အမသားရပြီလို့ ရေးထားသဖြင့် ကျနော်ရော ဘုန်းကြီးများပါရယ်ဖြစ်ကြသည်၊ နောက်နေ့ ဟိုပုံးနှင့် ဆီဆိုင် သွားရင် ဒီထက် စိတ်ဝင်စားစရာတွေ့ဦးမယ် ဒကာရေလို့ ဦးဇင်းကဆိုသည်။
ဒီလိုနဲ့ မွေတော် ကက္ကူ သို့ရောက်ခဲ့သည်၊ မြူတွေကြားက လှမ်းကြည့်ရာ အံ့မခန်းစရာစေတီများကို လှမ်းတွေ့ရသည်၊ ကျနော်သည် ပထမဦးဆုံးအကြိမ် ရောက်ဘူးခြင်းဖြစ်၍ ရှေးဟောင်းစေတီများကို တွေ့ရ ဖူးရရာ တကယ့် amazing အံ့သြ၀မ်းမြောက် ပီတိဖြစ်ဖွယ်ပင်၊ သစ်ကြီးဝါးကြီးများအလည် ကုန်းမို့ပြန့်ပြန့်လေးတွင် စေတီတွေ တစ်စုတစ်ဝေးထဲ ရှိနေခြင်းမှာ မွေတော်ကက္ကူ၏ အံ့မခန်းချက်တစ်ရပ်ဖြစ်ပါသည်၊ ထိုသို့ စေတီတွေ တစ်စုတစ်ဝေးထဲ ရှိနေခြင်းကို ပလိပ်တွင်တွေ့ဘူးသော်လည်း၊ မွေတော်ကက္ကူက တစ်စုတစ်ဝေးထဲ ပိုများပါသည်၊ စေတီပုထိုးပေါင်း ယခုအခါ အသစ်ရော အကောင်းရော အပျက်ရောပြုပြင်ထားတာရော ၂၅၀၀ လောက်ရှိသည်၊ သမိုင်းဆရာကြီးဦးသန်းထွန်း၏ မှတ်တမ်း ၂၀၀၁ခုနှစ်တွင် တွင် ၂၄၇၈ဆူရှိသည်ဆို၏၊ ၁၉၂၈ မှတ်တမ်းအရ ၂၅၄၈ကျော်၊ ၁၉၁၈ မှတ်တမ်းအရ ၂၄၀၂ဆူ၊ ပါးစပ်ပြောရာဇဝင်အရ တောင်သူကွမ်းညှပ်(တဖြတ်ဖြတ်) ဆိုပြီး ၇၆၂၃ ဆူရှိသည်ဟုဆိုသည်။
ပရိဝုဏ်အတွင်းသို့ ဝင်ရောက်ဖူးမြော်သောအခါ စေတီကမ္ဘာထဲသို့ ရောက်ရှိသွားသလိုခံစားရသည်၊ ဘုရားဒကာ ဒကာမများ ကုသိုလ်ကောင်းမှုပြုခဲ့ကြသူများကို ကျေးဇူးတင်လေးစားကြည်ညှိမှုသည် လူကိုကြက်သီးထစေသည်၊ တန်ဘိုးမဖြတ်နိုင်သော သာသနာမြေ ရှေးဟောင်းအမွေပါကား၊ သာဓု သာဓု သာဓုဆိုမိသည်၊ ပြူပြင်မွမ်းမံမှုများက လုပ်နေပြီဖြစ်သည်၊ စင်္ကာပူ ရွှေကျောင်းဆရာတော်ကြီးအလှူများကို တွေ့ရသည်၊ တရုပ်လို ကမ္ပည်း ထိုးထားပေးသည်၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကောင်းမှုကိုလည်း တွေ့ရသည်၊ မြန်မာစစ်ခေါင်းဆောင်တွေထဲမှာ ငါတို့အလေးစားဆုံးတစ်ယောက်ပါလို့ ဆရာတော်ကဆိုသည်၊ ဘာပဲဖြစ်ဖြစ် ထိုပုဂ္ဂိုလ်သည် မွေတော် ကက္ကူကို တစ်ခေတ်ဆန်းသလို ပအိုဝ်း တွေကိုလည်းပြောင်းစေခဲ့ပါတယ်၊ ဆရာတော် အမြဲတမ်း မေတ္တာပို့ပါတယ်လို့ဆိုသည်၊ ဒါကတော့ ဆရာတော်၏ ခံယူချက်ဖြစ်သည်။
ဘုရားပရိဝုဏ်အရှေ့တွင် စားသောက်ဆိုင်အကြီးကြီးရှိသည်၊ ခရီးသည်တွေအတွက်ဖြစ်နိုင်သည်၊ ကျနော်ကတော့ ဘေးနားကဆိုင်တန်းတွေပဲစိတ်ဝင်စားသည်၊ ဘုရားပန်းကပ်ချင်ရင် အဲဒီကဝယ်ခဲ့နိုင်သည်၊ တော်တော်ကြီးမားသော အပင်ကြီးများ၏ အောက်ခြေပင်စည်ကိုပတ်၍ ခုံတွေလုပ်ထားပေးသဖြင့် ပင်ပန်းကအနားယူနိုင်သည်၊ နွေရာသီဆိုပေမဲ့ အေးမြမှုကိုရရှိနိုင်သည်ဟုဆိုသည်၊ ကျနော်က စားသောက်စရာများကို လိုက်ကြည့်နေသဖြင့် ဆရာတော်နှင့်လိုက်လာသော မော်ဆရာက မင်းကို မနက်စာကျွေးဘို့စီစဉ်ထားပြီ၊ တဆီ့ထီလိုခေါ်တဲ့ ဆေးတော်ပွားရေနှင့်လည်း ဧည့်ခံဦးမယ်။
ဘုန်းကြီးမဟုတ်ပဲ တရားဟောဆရာ (ကွက်စိတ်)များကို မော်ဆရာများဟုခေါ်ကြသည်၊ ဘုန်းကြီးနီးပါးတတ်ကြသည်၊ တစ်ချို့က ဗေဒင်လည်းတတ်သည်၊ နတ်ဆရာ ပယောဂဆရာတစ်ချို့ကိုလည်း မော်ဆရာများဟုခေါ်ကြသည်၊ တဆီ့ထီမှာ ပအိုဝ်းရိုးရာ အားဆေးရည်တစ်မျိုးဖြစ်ပြီး များများသောက်က ခေါင်ရည်ကဲ့သို့ မူးသည်။ ဆေးမြစ် အနည်းဆုံးငါးမျိုးလောက်ကိုစိမ်ထားပြီး ထိုအရည်မှ ပွားယူရ၍ ဆေးပွားရေဟုလည်းခေါ်သည်။
မွေတော် ကက္ကူဘုရား၏ဘွဲ့အမည်များမှာ ကက္ကူ မွေတော်ဘုရား(၁၈၉၃ ကမ္ပည်း)၊ ရွှေဝက်ကူးဘုရား (နရပတိစည်သူသမိုင်း)၊ ရွှေဝက်ဂူဘုရား(ပအိုဝ်းပုရပိုက်များ)၊ သက်တူဘုရား(၁၈၁၆ မှတ်တမ်း)၊ ရွှေဂူကြီးဘုရား (၁၇၉၃ ခေါင်းလောင်း ကမ္ပည်း) တို့ဖြစ်သည်။
မွေတော် ကက္ကူဟု အမည်တွင်ပုံကိုပြောဆိုရာ၌ အထောက်အထားတွေရှိသလို ပါးစပ်ပြောရာဇဝင်တွေလည်းရှိသည်၊ တစ်ချို့က နရပတိစည်သူ တည်သည် သို့မဟုတ် ပြန်လည်ပြုပြင်မွမ်းမံသည့် သက်တူဘုရားမှ ကက်ကူဘုရားဖြစ်လာသည်ဟုဆိုသည်၊ တစ်ချို့က ကကုသန်ဘုရားမှ သန်ကိုချန်ထား၍ ကကုမှ ကက္ကူသို့ကူးပြောင်းလာသည်ဟုဆိုသည်၊ ကျနော်ယုံကြည်မိသည်က ယခုအခေါ် မွေတော် ကက္ကူသည်၊ ပအိုပ်းဘာသာစကား ကက် ကူ၊ ကက် = စခန်း၊ကင်းစခန်း နှင့် ကူ=နယ်ခြား ဖြစ်သည်၊ ပြန်ပြောရလျှင် နယ်ခြားစခန်းကဘုရားဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် မွေတော် ကက္ကူဘုရားရှိရာ ကက္ကူရွာနေရာသည် ဆီဆိုင်စော်ဘွားပိုင်နယ်နှင့် ညောင်ရွှေစော်ဘွားပိုင်နယ် အစပ်ဒေသတွင်ဖြစ်သည်၊ ထိုနယ်စပ်တွင်ရှိသောဘုရားဟု ပအိုဝ်း လိုခေါ်ကြရာမှ ကက္ကူဘုရားဖြစ်လာပုံရသည်။
မွေတော် ကက္ကူဘုရားတည်ထားကိုးကွယ်ခြင်းအစကိုလည်း မြန်မာ သမိုင်းဆရာအချို့က ပုဂံခေတ် အလောင်းစည်သူမင်း (၁၁၇၄-၁၂၁၁) ဖေါင်ဆိုက်ရာမှ တည်ထားကိုးကွယ်သည်ဟုဆိုသည်၊ ပအိုဝ်း မှတ်တမ်းများအရ နရပတိစည်သူမင်း တည်သည် သို့မဟုတ် ပြန်လည်ပြုပြင်မွမ်းမံသည် ဟုဆို၏၊ ပါးစပ်ပြောရာဇဝင်များအရ မွေတော် ကက္ကူဘုရားသည် ဗုဒ္ဓဘာသာတွင် သာသနာပြုသူရဲကောင်း မင်းကြီးဖြစ်တော်မှုသော သီရိဓမ္မာသောကမင်းကြီး၏ ရှစ်သောင်းလေးထောင် ၈၄၀၀၀ အလှူထဲမှ အလှူဖြစ်သည်ဟုဆို၏၊ ယနေ့တိုင် ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ သိမ်နေရာဟောင်း ရှိသေးသည်ဟုဆိုကြသည်၊ သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြုလုပ်ငန်းနဲ့ ဆက်စပ်နေသော ထူးခြားသောအရာဖြစ်စဉ် ၆ခု ရှိသည်ဟုဆိုကြ၏၊ ၎င်းတို့မှာ ဓါတုစေတီ၊ ပရိဘောဂစေတီ၊ ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ ကျောင်းနေရာဟောင်း၊ သိမ်နေရာဟောင်းတို့ဖြစ်သည်။
(၁) သရီရဓါတ်မွေတော်များကို ဌာပနာသွင်းပြီး တည်ထားကိုးကွယ်သည့် စေတီဘုရား (ဓါတုစေတီ) ရှိခြင်း
(၂) ညေယျငါးဖြာလေးသစ္စာကို ထိုးထွင်းသိမြင်ပြီး မာန်ငါးပါးအောင်မြင်ရာ အပရာဇိတပလ္လင်ပေါက်ရောက်ရာ မဟာဗောဓိပင် (ညောင်ပင်)ကို စိုက်ပျိုးထားရှိခြင်း (ပရိဘောဂစေတီ)
(၃) ရှင်သောန နှင့် ရှင်ဥတ္တရတို့ သမုတ်ထားသော ရှေးဟောင်း ရဟန္တာ သိမ်တော်တည်ရှိခြင်း
(၄) ကျောင်းပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်တွင် ပါဝင်သော ရှေးဟောင်းကျောင်းအထိမ်းအမှတ်အဖြစ် အဆောက်အဦးများ ကြွင်းကျန်ခြင်းမရှိသော်လည်း ရှေးဟောင်းကျောင်းနေရာ တည်ရှိခြင်း
(၅) ရေတွင်းပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်တွင် ပါဝင်သော အထိမ်းအမှတ် ရေတွင်းရှိခြင်း
(၆) ရေကန်ပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်တွင် ပါဝင်သော အထိမ်းအမှတ် ရေကန်ရှိခြင်း
ဤအရာခြောက်မျိုးတို့ အခိုင်အမြဲထင်ရှားတည်ရှိခြင်း ဖြစ်သည်၊
ဘယ်လိုပဲဖြစ်ဖြစ် ဓါတ်တော်မွေတော်များ ပူဇော်ထားသော မွေတော် ကက္ကူဘုရားကို လူတိုင်းကိုးကွယ်ခွင့်ရကြပြီဖြစ်သည်။

ဘုရားသမိုင်းကိုပြောကြရာမှာ
“ဗုဒ္ဓဘာသာတရားတွင် ဘုရား၊တရား၊ သံဃာ ရတနာသုံးပါးကို ဆည်းကပ်ယုံကြည် ကိုးကွယ်မှုပြုရာ၌ ယုံကြည်မှုသဒ္ဓါတရားအပြင် အမှားအမှန်ခွဲခြားမှု၊ ကျိုးကြောင်းဆင်ခြင်မှု လက်တွေ့ကျင့်သုံးပြီး ကိုယ်တိုင်သဘောပေါက် ထိုးထွင်းသိမြင်နိုင်သောပညာတို့ကို အခြေခံထားသည်၊
သို့ဖြစ်၍ ဗုဒ္ဓဘာသာတရားသည် အခြားသောဘာသာတရားတို့ကဲ့သို့ ယုံကြည်မှုသက်သက်ဖြင့် တည်ဆောက်ထားသော ဘာသာရေးမဟုတ်ပေ၊ ကိုယ်တိုင်လက်တွေ့ကျင့်သုံးရသော ဘာသာတရားဖြစ်သည်၊ ဗုဒ္ဓဘုရားကိုယ်တိုင်ကလည်း မျက်ကန်းယုံကြည်မှုကို အားမပေးချေ၊
ဗုဒ္ဓဘုရားရှင်၏ ကြွင်းကျန်ရစ်သော ဓါတ်တော်မွေတော်များကို ဌာပနာသွင်း ကိုးကွယ် ပူဇော်ကြရာ၌ မွေတော် ကက္ကူဘုရားစေတီသည်လည်း တစ်ဆူအပါအဝင်ဖြစ်ပါသည်။”
ဦးအောင်ခမ်းထီ
ဥက္ကဋ္ဌ
ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ အထူးဒေသ ၆
ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ
ဟူ၍ ဘုရားသမိုင်းစာအုပ်တွင် အစ၌ ရေးသားဖေါ်ပြထားသည်။
ဆက်လက်ဖေါ်ပြပါမည်။

ထီးတော်အဟောင်းများ
စင်္ကာပူ ရွှေကျောင်းဆရာတော်ကြီးအလှူ
Wednesday, 4 April 2012
တောက်- ရင်နာလိုက်တာကွာ
နွားတွေကွဲနေလို့
ကျားဆွဲခံရတာ
အဆန်းမှ မဟုတ်တာပဲ။
တရားရုံးမှာ
အပြိုင်အဆိုင် အမွေလုကြရင်း၊
ဘိုးဘွားပိုင်အမွေတွေ
တစထက်တစ
လျော့နည်းပပျောက်သွားတတ်တာ
အဆန်းမှ မဟုတ်တာပဲ။
သို့ပေမယ့်လေ----
ငါ့နယ်မြေ၊ သူ့နယ်မြေဆိုပြီး
ရှိပြီးသား မြေပုံပေါ်မှာ
အရေးအကြောင်းတွေကို
သွေးမှင်နဲ့ဆွဲကောင်းနေကြတုန်း၊
ခွေးအတွေက
မြေပုံရဲ့ အနားစလေးတွေကို
ဖဲ့စားပစ်လိုက်ကြတဲ့အခါ.....။
တမြေတည်းမွေးသူတွေ အချင်းချင်းကျတော့
မြေတလက်မ၊ အာဏာတပဲသားအတွက်
ဓားဆွဲကြ၊ သေနတ်ဆွဲကြ၊
နိုင်ငံတကာမျက်နှာစာမှာ
သူ့ဘက်၊ ကိုယ့်ဘက်ခွဲလို့
အပြိုင်အဆိုင်ဟစ်ကြနဲ့
လက်မနှေး၊ ပါးစပ်မနှေးကြသူတွေ၊
တိုင်းတပါးသားတွေက
ပြည်ပအချုပ်အခြာအာဏာကို
ထိပါးလာတာကျတော့
ခေါင်းကလေးတွေငုံ့လို့
ရေငုံနှုတ်ပိတ်နေကြတာကို
တွေ့မြင်လာရတဲ့အခါ...။
မြန်မာကိုနိုင်လေပြီလို့
ပြောဆိုသံတွေကို
အံကြိတ်ရင်း
နားထောင်လိုက်ရတဲ့အခါ....။
ဧည့်ခန်းထဲက
မဟာဗန္ဓုလ
ရုပ်ပုံလေးကိုတောင်
မကြည့်ရဲ၊ ကြည့်ရဲ
ဖြစ်လာသလိုလိုနဲ့
တောက်- ရင်နာလိုက်တာကွာ။
ပအိုဝ်းအမျိုးသားနေ့

အခမ်းအနား ဖွင့်လစ်ပြီးနောက် တက်ရောက်လာကြသော မဟာမိတ်ခေါင်းဆောင်များ PNLO ခေါင်းဆောင်များ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်သားများ ပအိုဝ်း မျိုးချစ်မောင်မယ် များနှင့် ကျေးရွာ ကိုယ်စားလှယ် များက ပအိုဝ်း အမျိုးသား အလံတော်နှင့် ပအိုဝ်းအာဇာနည်းများကို အလေးပြုခဲ့ကြပါသည်။

PNLO ၏ ပအိုဝ်းအမျိုးသား ထုတ်ပြန်ကြေငြာချက်ကို အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်း မှ ဖတ်ကြားပါသည်။ ထို့ နောက် PNLO ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် မဟာမိတ် ခေါင်းဆောင်များဖြစ်ကြသော WNO ဝအမျိုးသားအဖွဲ့မှ ဥက္ကဌ ဗိုလ်မှူးကြီး တာ့ပလွဲ၊ RCSS/SSA မှ ဗိုလ်မှူးကြီး စဝ်အောင်မြတ်၊ ကယန်းပြည်သစ် ပါတီမှ ဦးစိုင်းလုံ တို့မှ အသီးသီး အမှာ စကားများပြောကြားကြပါတယ်။ PNLO တွဲဖက် အတွင်းရေးမှူး (၁) ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ခွန်သူရိန်မှာ ယနေ့ အခြေအနေများကို ရှင်းလင်းပြောကြား ပါသည်။
အဲဒီနောက် ပအိုဝ်းအမျိုးသားကျောင်းမှ ဆုရကျောင်းသူကျောင်းသားများကို မဟာမိတ်ခေါင်းဆောင်များနှင့် PNLO ဒု ဥက္ကဌ ဗိုလ်မှူးချုပ် ခွန်တိဆောင်တို့က အသီးသီး ဆုချီးမြင့်ပေးခဲ့ကြကြောင်း သိရပါသည်။
နောက်ခံသမိုင်း
ပအိုဝ်း တိုင်းရင်းသားပေါက်ဖွားလာပုံ

ပအိုဝ်း တိုင်းရင်းသားတို့သည် မိမိကိုယ်ကို နဂါးအမျိုးအနွယ်မှ ပေါက်ဖွားလာသည်ဟု ယူဆကြ၏။ မိခင်မှာ နဂါးမ ဖြစ်ပြီး ဖခင်မှာ ဇော်ဂျီ ဟုယူဆကြသည်။ သက်ကြီးရွယ်အိုများကလည်း မိမိတို့မှာ နဂါးမျိုးနွယ်ဖြစ်ကြောင်းနှင့် နဂါးမှ ပေါက်ဖွားဆင်းသက်လာပုံကို လူငယ်များအား ယနေ့တိုင် ပြောဆိုနေကြသေး၏။
ပအိုဝ်းပေါက်ဖွားလာပုံ ဒဏ္ဍာရီလေးမှာ-
သက်ကရာဇ် ၄၀၀ ခန့်လောက်တွင် တိုင်းပြည်တစ်ပြည်မှ မင်းနှင့်မိဖုရားတွင် သားတော်နှစ်ပါးထွန်းကား၏။ သားတော်နှစ်ပါးစလုံးမှာ သူတော်ကောင်း စိတ်ဓါတ်များရှိကြသည်။ ထို့ကြောင့် အရွယ်ရောက်လာသောအခါ ခမည်းတော် မယ်တော်ထံ ခွင့်တောင်းပြီး ရသေ့ဝတ်လဲကာ တောထွက်သွားကြ၏။
တစ်နေ့သောအခါ နဂါးမသည် လူ့ပြည်သို့ ရောက်ရှိခဲ့ရာ လူယောင်ဖန်ဆင်းပြီး တောထဲတွင် လှည့်လည်နေထိုင်ရင်း ဟေမ၀န်၏ စိမ်းစိုသာယာမှုကြောင့် ထိုတောထဲတွင် နေထိုင်လိုသော စိတ်ဖြစ်ပေါ်လာ၏။ မိန်းမဖန်ဆင်းပြီး တောထဲတွင် လှည့်လည်ခဲ့ရာ နတ်ရေးသောဖူးစာကြောင့် လေလားမသိ ဇော်ဂျီနှင့် ဖူးစာဆုံလေတော့၏။ ဇော်ဂျီသည် ထိုအမျိုးသမီးကို နဂါးမှန်း မသိချေ။ ထို့ကြောင့် နှစ်နှစ်ကာကာ ပေါင်းသင်းနေထိုင်ခဲ့ရာ နဂါးမတွင် ကိုယ်ဝန်ရှိလာခဲ့သည်။ ကိုးလလွယ်ပြီး ဆယ်လသို့ရောက်သောအခါ နဂါးမသည် ဥနှစ်လုံးကို ဖွားသန့်စင်ခဲ့သည်။ ထိုဥနှစ်လုံးသည် အရွယ်အစားတူညီပြီး အလွန်လှပလေသည်။
ထိုသို့ မိမိမိန်းမက ဥနှစ်လုံးဖွားမြင်သည်ကို ဇော်ဂျီက သိရှိသောအခါ "အလို ငါ့ အိမ်သူမသည် လူသားစင်စစ် မဟုတ်၊ မြွေမျိုး နဂါးမျိုးပါကလား" ဟု ညည်းညူလေ၏။ ထို့နောက် စိတ်ပျက်အားငယ်ပြီး ထွက်ပြေးရန် ကြံစည်လေတော့သည်။ ထို့ကြောင့် နဂါးမကို ချိုသာသော စကားပရိယာယ်ဖြင့် ကလေးများအတွက် ဆေးရှာထွက်ခွင့်ပေးရန် ခွင့်တောင်းလေသည်။ မိမိ၏ မိန်းမနဂါးမ မျက်ကွယ်သို့ရောက်သောအခါ ကောင်းကင်သို့ဆန်လျက် ပျံတက်သွားလေသည်။
သုံးလေးရက်ခန့် ကြာသောအခါ နဂါးမသည် မိမိ၏ လင်တော်မောင် ဇော်ဂျီ ပြန်လာလေနိုးဖြင့် လည်တဆန့်ဆန့်နှင့် မျှော်ကိုးနေခဲ့၏။ သို့သော် လင်တော်မောင် ဇော်ဂျီ ပြန်မလာသဖြင့် နဂါးမသည် ယခုကဲ့သို့ ညည်းညူပြန်လေသည်။ "ငါ၏ လင်တော်မောင်သည် ကလေးများအတွက် ဆေးရှာထွက်ရာတွင် ယခုကဲ့သို့ ကြာမြင့်ရခြင်းမှာ ငါသည် နဂါးမဖြစ်ကြောင်းကို ငါ၏ လင်တော်မောင် သိသွားသောကြောင့် ဖြစ်လိမ့်မည်" ဟု ပြင်းစွာ စိုးရိမ်ပူပန်လေ၏။ ထို့ကြောင့် မိမိလင်ကို တွေ့လိမ့်လေနိုး ၊ တွေ့လေနိုးဖြင့် တောအနှံ့ တောင်အနှံ့ လှည့်လည်ရှာဖွေခဲ့၏။ သို့သော် မိမိလင်တော်ကို အရိပ်အယောင်မျှပင် မတွေ့လေသဖြင့် လူမတန် ကံချကာ ပြင်းစွာဟစ်အော် ငိုကြွေးလေရှာသည်။ မိမိ၏ ရင်နှစ်သည်းချာဖြစ်သော ဥနှစ်လုံးကို ဥမင်လိုဏ်ခေါင်းထဲတွင် လုံခြုံစွာ သိမ်းဆည်းထားခဲ့ပြီး မိမိ၏ဌာန နဂါးပြည်သို့ ပြန်သွားလေ၏။
ထို့နောက် ရသေ့တစ်ပါးသည် ထိုဥကြီးနှစ်လုံးကိုတွေ့ရှိပြီး ကြည့်ရှုစောင့်ရှောက်ထားသည်။ ထိုဥကြီးနှစ်လုံးမှ ယောက်ျလေးတစ်ယောက်နှင့် မိန်းခလေးတစ်ယောက်ဖွားမြင် လာခဲ့သည်။ ရသေ့ကြီးက ကျွေးမွေးပြုစုခဲ့ရာ ကြီးပြင်လာသောအခါ ထိုအရပ်တွင် မင်းလောင်းတစ်ပါးအဖြစ် အသိအမှတ်ပြု စိုးစံခဲ့သည်။ ယင်မင်းဆက်တို့မှာ ပအိုဝ်းလူမျိုး ဖြစ်ပေါ်လာခဲ့သည်။ ထိုမှ တစ်ဖန် အထက်ဖော်ပြပါ ရာဇာဝင်ကြောင့် ပအိုဝ်းတို့ ရှမ်းပြည်ရောက်သွားကြသည့်ဟု ဆိုသည်။ ပအိုဝ်းတို့သည် သထုံခရိုင်ကို သထုံကြီးဟုခေါ်ပြီး ရှမ်းပြည်တောင်ပိုင်ရှိ ဆီဆိုင်ကို သထုံကလေး ဟု ခေါ်ကြသည်။ ယင်နေရာ နှစ်ခုတို့တွင် ပအိုဝ်းများစွာ နေထိုင်လျှက်ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသား ပေါက်ဖွားဆင်းသက်လာပုံသည် ဒဏ္ဍာရီလား တကယ်လားဟု စဉ်းစားစရာပင် ဖြစ်လေသည်။ ပအိုဝ်းတိုင်းရင်းသား ပေါက်ဖွားလာပုံ ဒဏ္ဍာရီသည် မွန်ရာဇ၀င်နှင့် စေတီတော်များ သမိုင်းစာအုပ်မှ အဆိုနှင့်လည်း ဆင်နေ၏။

(ယခု တွေ့ရှိရသော ပအိုဝ်းဓါတ်ပုံများကို Google Page မှ ရှာဖွေယူထားခြင်း ဖြစ်ပါသည်။ ဓါတ်ပုံပိုင်ရှင်များကို ဤနေရာမှ ဖော်ပြခွင့်ပေးပါရန် ခွင့်တောင်းဆိုအပ်ပါသည်။း)
ပအိုဝ်းအမျိုးသားနေ့
ပအိုဝ်းအမျိုးသားနေ့

အမျိုးသားနေ့သည် လူမျိုးတိုင်းအဖို့ ထူးခြားသည့် ဂုဏ်ထူးဝိသေသဖြင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ်ပင် ဖြစ်၏။ တစ်နည်းအားဖြင့် အမျိုးသားနေ့ဟူသည် မိမိတို့လူမျိုးကို ပြန်လည် မှတ်တမ်းတင်ခြင်းပင် ဖြစ်သည်။ လူမျိုးတိုင်းသည် အမျိုးသားနေ့တွင် ဇာတိသွေး ဇာတိမာန် စိတ်ဓါတ်များ အမျိုးသားရေးစိတ်ဓါတ်များ ပြန်လည်နုပျိုလန်းဆန်းရေး ၊ နိုင်ငံတော်ကို ချစ်မြတ်နိုးသော စိတ်ဓါတ်များ ကိန်းအောင်းခံယူလာရေး ၊ အမျိုးသားစာပေ ယဉ်ကျေးမှု ၊ ဂီတ ၊ အနုသုခုမပညာရပ်များ ဖော်ထုတ် ထိန်းသိမ်းမြင့်တင်ရေး စသည်တို့ကို ဖန်တီးလှုံ့ဆော်သည့် သဘောပင်ဖြစ်ပါသည်။
အမျိုးသားနေ့တွင် မိမိတို့သည် မည်သည့်အချက်တွင် အားနည်းချက် ၊ ချို့ယွင်းချက်ရှိသည်ကို ပြန်လည်သုံးသပ်ရမည့် အချိန်အခါလည်း ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသားနေ့သည် လူမျိုးတိုင်းအတွက် ထူးခြားသောအင်္ဂါရပ်ဖြစ်။ ထို့ပြင် နိုင်ငံနှင့် လူမျိုးကို ရှေ့သို့တိုးတက်အောင် ချီတက်ရာတွင် အထောက်အကူပြုနိုင်စွမ်းမည့် အာနိသင်ကို ပေးစွမ်းနိုင်သည့် နေ့လည်း ဖြစ်ပေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ ထူးခြားသည့် သမိုင်းအစဥင်္်အလာကို အကြောင်းပြုပြီး တပေါင်းလပြည့်နေ့ရောက်တိုင်း ပအိုဝ်းအမျိုးသားနေ့ကို ကျင်းပကြသည်။ ဤတွင် ပအိုဝ်းအမျိုးသားနေ့ကို တပေါင်းလပြည့်နေ့တွင် ကျင်းပရသည်ကို ဖော်ပြလိုပါသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ကျေးဇူးတရားသိရှိမှု ၊ ကျေးဇူးတရားကို နားလည် သဘောပေါက်မှု စသော ဗုဒ္ဓဘာသာ၏ အဆုံးအမကို လေးစားယုံကြည်စွာ နှလုံးသွင်း ကြသူများဖြစ်ကြ၏။ အမျိုးသားနေ့သည် မိမိတို့လူမျိုး ဆင်းသက်လာသော မိမိတို့၏ ဘိုးဘွားမျိုးနွယ်ဆက်များ၏ ကျေးဇူးတရားကို ပြန်လည်တသ အောက်မေ့သတိရသည့် စိတ်မှ ပေါက်ဖွားလာရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ပအိုဝ်းအမျိုးသားနေ့သည် ကျေးဇူးတရားကို သိမှုမှ စတင်ခဲ့သည်ဟု ဆိုနိုင်၏။
လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော် ၊ မဟာသက္ကရာဇ် ၃ နှစ် တပေါင်းလပြည့် ၊ စနေနေ့ ၊ လ၀င် နေထွက် ၊ လရောင် နေရောင် ထွန်းပြောင်ထိန်လင်း ရောယှက်သော အချိန်တွင် မင်းတစ်ပါး ဖွားမြင်ခဲ့၏။ ထိုမင်းသည် လ၀င်နေထွက် အချိန်တွင် မွေးဖွားသဖြင့် သူရိယစန္ဒာ ဟုခေါ်သည်။
သူရိယစန္ဒာမင်းသည် ပအိုဝ်း တိုင်းရင်းသားတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့၏။ ပအိုဝ်းတိုင်းရင်းသားတို့၏ တောက်ပသော ခေတ်ကာလကို ဖန်တီးပေးခဲ့၏။ သထုံမြို့ရှိ လေးဆူဓါတ်စံ-ရွှေစာရံ စေတီတော်ကို တည်ခဲ့သည့် သာသနာ့ ဒါယကာမင်းမြတ်ဖြစ်၏။ ဤကျေးဇူးတရားများကို အောက်မေ့ တသ သတိရသောအားဖြင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့သည့် သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို ပအိုဝ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ကြခြင်း ဖြစ်ပါသည်။
ထို့ပြင် ပအိုဝ်းတိုင်းရင်းသားတို့သည် အောက်မြန်မာပြည်တွင် နေထိုင်စဉ်က လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ခဲ့ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည် လုပ်ငန်းခွင်ပြီးစီး ရုတ်သိမ်းသည့် တပေါင်းလတွင် ကောက်ဦးတင် ပူဇော်ပွဲကို ကျင်းပကြ၏။ ကောက်ဦးတင် ပူဇော်ပွဲတွင် ဗုဒ္ဓရှင်တော်နှင့် ဆွေတော်မျိုးတော် ၊ မိအို ဖအို အကြီးအကဲများကို ဆွမ်းဦးကပ်လှူကာ ကောက်ဦးကျွေးမွေးပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။ ကောက်ဦးတင် ပူဇော်ပွဲတွင် ဆွေမျိုးများကို ၁ နှစ် ၁ ကြိမ် တွေ့ဆုံခွင့်ရခဲ့ကြသည်။ ထို့ကြောင့် တပေါင်းလပြည့်နေ့ရောက်တိုင်း ရွှေစာရံဘုရားကုန်းမြေတွင် ဘုရားကို ကောက်ဦးပူဇော်ပွဲ ၊ ဆွေမျိုးဆုံပွဲ လုပ်ရာမှ ပအိုဝ်းအမျိုးသားနေ့ ပေါ်ပေါက်ခဲ့ရသည်။ နောင်တွင် ခေတ်ရေစီးကြောင်းအတိုင်း ပိုမိုကျယ်ပြန့်သော အသွင်ကို ဆောင်လာရန် ၊ ဘုရားပူဇော်ပွဲ ၊ ဆွေတော်မျိုးတော်များ တွေ့ဆုံပွဲ ၊ သက်ကြီးရွယ်အိုနှင့် အကြီးအကဲများကို ပူဇော်ပွဲကျင်းပရာမှ အမျိုးသားနေ့ အဖြစ်သို့ ပြောင်းလဲကျင်းပလာခဲ့ကြသည်။
သူရိယစန္ဒာမင်း၏ မွေးနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားသဖြင့် ပဒေသရာဇ်စနစ်မင်းတစ်ပါး၏ မွေးနေ့ကို ဖော်ကျူးခြင်း ၊ ပဒေသရာဇ်စနစ်ကို နေရာပေးခြင်း ၊ သိဒ္ဒိတင်ခြင်း ၊ အရောင်တင်ခြင်းမျိုး မဟုတ်ပေ။ ပဒေသရာဇ်စနစ်သည် ဤခေတ်ကာလတွင် ပြည်ဖုံးကားချသွားပြီဖြစ်၏။
သမိုင်း စာမျက်နှာများထဲမှ ဂုဏ်ယူဖွယ်ရာ အမွေအနှစ်များကို မေ့ပျောက်ထား၍ မရပေ။ ယနေ့ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်နေသော်လည်း မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သည့် အနော်ရထာ ၊ ဘုရင့်နောင် ၊ အလောင်းဘုရား စသည့်မင်းတို့၏ လုပ်ဆောင်ချက် ၊ ဂုဏ်ပုဒ်များကို မေ့ပျောက်ချန်လှပ်ထား၍ မဖြစ်ပေ။ ဆိုရှယ်လစ်စနစ်ကို စတင်တည်ထောင်ခဲ့သည့် ယခင် ဆိုဗီယက် ပြည်ထောင်စုတွင် မိမိနိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့သည့် ဇာဘုရင်ကြီး၏ ကျေးဇူးတရားကို အသိအမှတ်ပြုဆဲပင် ဖြစ်ပါသည်။ ဇာဘုရင်ကို သွေးဖြင့် လက်စားချေခဲ့သော်လည်း ဇာဘုရင်၏ အသုံးအဆောင် ပစ္စည်းများကို အမျိုးသားယဉ်ကျေးမှု အမွေအနှစ်အဖြစ် ပြတိုက်ထဲတွင် အမြတ်တနိုး ပြသထားဆဲပင် ဖြစ်ပါသည်။
အထက်ပါ သာဓကများကို ထောက်၍ လည်းကောင်း ၊ ကျေးဇူးတရားကို သိရှိမှုမှ စတင်ခဲ့သည်ကို ထောက်၍ လည်းကောင်း ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့သော သူရိယစန္ဒာမင်း၏ မွေးနေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပခြင်းသည် သဘာဝကျသည်ဟု ဆိုနိုင်ပါသည်။ ထို့ပြင် ကောက်ဦးတင် ပူဇော်ပွဲတွင် ရပ်ဝေးရပ်နီး ဆွေမျိုးများ ပြန်လည်တွေ့ဆုံပွဲ ဖြစ်ပြီး ထိုပွဲတွင် ရှေးဟောင်း နှောင်းဖြစ်များ ပြန်လည် နှီးနှောဖလှယ်ခြင်း ၊ စိုက်ပျိုးရေး လုပ်ငန်းများနှင့် အနာဂါတ် ဆောင်ရွက်ဖွယ်ရာများကို ရင်းနှီး ချစ်ကြည်စွာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။ ထို့ကြောင့် ပအိုဝ်းအမျိုးသားနေ့သည် ပအိုဝ်းတိုင်းရင်းသားများ အတွက် အနှစ်သာရရှိသော နေ့တစ်နေ့ဖြစ်ကြောင်း အကဲခတ်နိုင်ပါသည်။

ရန်ကုန်တက္ကသိုလ်နယ်မြေနှင့် မန္တလေးတက္ကသိုယ် နယ်မြေတို့တွင် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို တက္ကသိုလ် ပအိုဝ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီမှ နှစ်စဉ်နှစ်တိုင်း ဦးစီးကျင်းပခဲ့ကြသည်။ ပအိုဝ်း အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် စကားရည်လုပွဲများ ၊ ဟောပြောပွဲများကို ကျင်းပခဲ့ကြသည်။ ယင်းအခမ်းအနားနှင့် ဟောပြောပွဲများကြောင့် တိုင်းရင်းသား ကျောင်းသူ ကျောင်းသား အချင်းချင်း နားလည်မှု ပိုရစေသည်။ ပို၍ စည်းရုံးစေခဲ့သည်။
တက္ကသိုယ် အသီးသီးတွင် ကျင်းပခဲ့သော ပြည်ထောင်စုနေ့ အခမ်းအနားများ ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီအသီးသီးက ကျင်းပပေးခဲ့သော တိုင်းရင်းသားပေါင်းစုံတို့၏ နေ့ထူးနေ့မြတ် အခမ်းအနားများ ၊ စာပေနှင့် ယဉ်ကျေးမှု ဟောပြောပွဲများ ၊ မဂ္ဂဇင်းစာစောင်များ ၊ တိုင်းရင်းသား စကားပြော သင်တန်းများ ၊ တိုင်းရင်းသား ရိုးရာအစားအစာ ရောင်းချပွဲများက သက်သေခံလျက် ရှိနေပေသည်။
ယခုအခါ ပအိုဝ်းအမျိုးသားနေ့ကို သာမန်ကျင်းပခြင်းမျိုး မဟုတ်တော့ဘဲ ပိုမိုကျယ်ပြန့် သစ်လွင်သော အဓိပ္ပါယ်နှင့် အနှစ်သာရကို ဆောင်ယူနိုင်မည့် နေ့ထူးရက်မြတ်အဖြစ် ပြောင်းလဲကျင်းပခဲ့သည်ကို တွေ့ရပါသည်။ ယခုကျင်းပလျက်ရှိသော ပအိုဝ်းအမျိုးသားနေ့ တိုင်းရင်းသား အချင်းချင်း သွေးစည်းချစ်ကြည်ရေး ၊ ပြည်ထောင် စုကြီးတည်တံ့ခိုင်မြဲရေး ၊ အစရှိသည့် ပိုမိုကျယ်ပြန့်သော ဦးတည်ချက်များဖြင့် ကျင်းပခဲ့သည်ကို လေ့လာသိရှိနိုင်ပါသည်။ ထို့အပြင် အသက် ၈၀ ကျော် ဘိုးဘွားများအား ရိုသေကန်တော့ခြင်း ၊ ပရိယတ္တိစာပေတွင် ထူးချွန်စွာအောင်မြင်ကြသော ပအိုဝ်းသံဃာတော်များကို ဆုများချီးမြှင့်ခြင်း စသည့် ဘာသာရေး ၊ လူမှုရေး လုပ်ငန်းများကိုပါ ပြုလုပ်လာကြသည်ကို တွေ့ရလေသည်။

ပအိုဝ်းအလံတော်
ပအိုဝ်းအလံတော်

ပအိုဝ်းအလံတော်
အလံဟူသည်
အလံဟူသည် အကြောင်းမဲ့ပေါ်ပေါက်ခဲ့သည် မဟုတ်ပေ။ အခြေအမြစ်ရှိသော အကြောင်းရင်းခံ တစ်ခုခုကို သော်လည်းကောင်း ၊ အကျိုးပြုသော ဦးတည်ချက်တစ်ခုခုကို သော်လည်းကောင်း အခြေခံကြသည်သာ ဖြစ်သည်။ ရင့်ကျက်နက်နဲသော သဘောကိုဆောင်သည့် အမှတ်အသားတစ်ခုပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အလံသည် ရည်ရွယ်ချက်တစ်ခုခု (သို့) အထိမ်းအမှတ်အဖြစ် အသုံးပြုသော ရောင်စုံခြယ်ပိတ်စတစ်မျိုး ဖြစ်သည်။ အမျိုးသားအလံ (သို့) နိုင်ငံတော်အလံသည် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအတွက် အမှတ်အသားကြီး တစ်ခုပင်ဖြစ်သည်။ ယခုခေတ် နိုင်ငံတိုင်းတွင် ရှိသော အမျိုးသားအလံ (သို့) နိုင်ငံတော်အသီးသီးသည် မိမိတို့လူမျိုး၏ ဇာတိသွေး ဇာတိမာန် ပြင်းထန်တက်ကြွစေရန်အလို့ငှာ မိမိတို့ တိုင်းပြည် လူမျိုးနှင့် သက်ဆိုင်ဆီလျော်စွာသတ်မှတ်ပြဌာန်းထားသည့် အလံများဖြစ်ကြသည်။
အမျိုးသားအလံသည် သက်ဆိုင်ရာလူမျိုး နှင့် ထိုလူမျိုး၏ ရည်မှန်းချက်များကို ကိုယ်စားပြုသည်။ လူမျိုးတိုင်းက မိမိတို့နှင့် သက်ဆိုင်ရာ အမျိုးသားအလံတော်ကို ဂုဏ်အသရေ မညှိုးရလေအောင် ကာကွယ် စောင့်ရှောက်ရင်း အသက်စွန့်ခဲ့ကြပြီး ဖြစ်သည်။ မိမိတို့၏ အမျိုးသားအလံတော်ကို ဂုဏ်ပြုရန် လေးစားရန်မှာ လူမျိုးသားတိုင်း၏ အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်သည်။ အမျိုးသားအလံသာမက အဆင့်မြင့်ကျောင်းများ၏ အမှတ်အသား ၊ ဘုရင်များ၏ အမှတ်အသား ၊ အယူသါဒဆိုင်ရာ အမှတ်အသား ၊ အသင်းအဖွဲ့များဆိုင်ရာ အမှတ်အသား ၊ အချက်ပြရန် အမှတ်အသား ဆိုင်ရာ အလံများစွာ ရှိကြသည်။
အလံကို တစ်ဦးချင်း ၊ တစ်ယောက်ချင်း ၊ အများစုပေါင်းပြီး ဦးတည်ချက် ၊ ရည်မှန်းချက် ၊ အောင်မြင်မှုကို အခြေခံပြီး ပုံစံအမျိုးမျိုး ဖော်ဆောင်လေ့ရှိကြသည်။ ထို့ကြောင့် အလံများတွင် ပါရှိသော အမှတ်အသားများသည် သက်ဆိုင်ရာ အဖွဲ့အစည်း၏ လေးနက်သော သရုပ်ဖော်ချက်များပင် ဖြစ်သည်။ နိုင်ငံသားတိုင်း မိမိနိုင်ငံ ၊ မိမိလူမျိုး၏ အလ့တော်ကို တွေ့မြင်ရတိုင်း အားမာန်တက်ကြွပြီး နိုင်ငံချစ်စိတ် ၊ လူမျိုးချစ်စိတ်များ ၊ ဇာတိမာန်စိတ်ဓါတ်များ နိုးကြားတက်ကြွလာကြသည်။

လောကမှာ .....
မသွားချင်ဘဲ ရောက်တာက
“သုသာန်”
သွားချင်ပြီး မရောက်တာက
“နိဗ္ဗာန်”
မပေးပါဘဲ ယူမိတာက
“အကုသိုလ်”
မယူပါဘဲ ပေးလိုက်တာက
“ကုသိုလ်”
မလိုချင်ဘဲ ရနေတာက
“ဒုက္ခ”
လိုခြင်းပြီး မရတာက
“သုခ”
မလိုက်ချင်ဘဲ လိုက်ရတာက
“သေခြင်း”
လိုက်ချင်ပြီး မလိုက်ရတာက
“ရှင်ခြင်း”
မခေါ်ပါဘဲ ရောက်လာတာက
“သောက”
ခေါ်ရဲ့သားနဲ့ မရောက်လာတာက
“မေတ္တာ”
မဖြစ်ချင်ဘဲ ဖြစ်လာတာက
“ကွေကွင်းမှု”
ဖြစ်ချင်ပြီး မဖြစ်လာတာက
“ဆုံဆည်းမှု”
သင်ဘယ်ကလာသနည်း မသိနိုင်ပါ
သင်ဘယ်ကိုသွားမည်နည်း မသိနိုင်ပါ
သင်မသိဘူးလား ဆို သိပါသည်
သင်သိသလား ဆို မသိပါ
အစိုးမရတဲ့ ဒီမေးခွန်းတွေ
အနီးအဝေးတောင် ခရီးပြေးမမြင်
ဘ၀ခန္ဓာရနေသမျှ သေ ပျက် ဆင်းရဲ
ထပ်တလဲလဲပေါ့
တစ်ဘ၀ထဲမှမဟုတ် ဘ၀တိုင်းဆိုင်တဲ့
ဘုံဆိုင်ဆင်းရဲသား
အို နာ သေ ကြိုးဆွဲသမျှတော့
သက်တမ်းစေ့ အာမခံမရှိ
အနှေး အမြန် အရင် နောက်
ဒီလောက်လေး ကွာရုံသာပဲ
သေကံ ဧကန် ရှိနေတာမို့
သေတိုင်းလည်း ပြီးမထင်နှင့်
အ၀ိဇ္ဇာ တဏှာ မပြတ်သေးသရွေ့
တစ်ဖန်အသစ် ဘ၀ခန္ဓာ
သွားချင်ရာ သွားခွင့်မရ
ကုသိုလ်များပြန် ကုသိုလ်နောက်လိုက်
အကုသိုလ်များပြန် အကုသိုလ်နောက်လိုက်
ထိုသို့အရေး နောင်မျှော်တွေးလို့
ကိုယ်ပိုင်ကောင်းမှု အချိန်မီပြုကာ
အသိ၊ သတိ၊ ဥာဏ်
တွေးဆကြံလို့ သံသရာခရီးဝေး
အနီးအဝေး တွေးစပါ....
ကြိုက်လို့ တင်လိုက်တာပါ...တဆင့်မေလ်းကတွေ့ လို့ ပါ...သူငယ်ချင်းတွေကိုလည်း
သိစေခြင်လို့ ဖတ်လို့  လဲကောင်းလို့  သူငယ်ချင်းတွေ ဒီစာလေးဖတ်ပြီးတော့
(အသိ..သတိ...ဥာဏ်)..လေရသွားကြမယ်လို့ လဲထင်ပါတယ်..
အားလုံးသော သူငယ်ချင်းတွေ ကျမ်းမာချမ်းသာပြီး လိုအင်ဆန္ဒပြည့်ဝပါစေလို့ ဆုတောင်ရင်.....

ဦးခွန်ထွန်းဦး မဲ ၂ ကြိမ်ပေးခဲ့

ဦးခွန်ထွန်းဦးက ဒီမနက် မဲ ၂ ခါ ပေးလိုက်တယ် တဲ့။
ပထမတော့ NDF ပါတီကို ပေးတယ်၊ ခမောက်ကို NDF ရသွားပြီ ဆိုတာကို မသိလိုက်ဘူး ဆိုပဲ။
ဒါကြောင့် မဲရုံမှူးဆီက မဲစာရွက် အသစ် တခု တောင်းပြီး ခွပ်ဒေါင်းကို ရွေးလိုက်တယ်လို့ ဆိုတယ်။
JSchool Burma/Myanmar Elections Watch 2012 မှာ ရေးထားပါတယ်။
လိပ်စာက - burmaelections2012.com/?p=2419
မဲရုံဝန်ထမ်းတွေ ဒီလို လုပ်ပိုင်ခွင့် ရှိတယ်ဆိုတော့ အင်း ... ဒီမဲရုံဝန်ထမ်းတွေ ပါဝါ အတော်လေး ကြီးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်
မေတ္တာ၏အကျိုးကျေးဇူးများ
မေတ္တာ၏အကျိုးကျေးဇူးများ
စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။
မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။
မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရသတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။
နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး
အမေရဲ့ နောက်ဆုံးသွားတစ်ချောင်း
မိစံ ကလေးမွေးပြီးတဲ့နောက် မွေးကင်းစကလေးငယ်ကို ကူထိန်းဖို့ ရွာက အသက်(၆၅)နှစ်ကျော်အရွယ် မိခင်အိုကို အိမ်ခေါ်ထားခဲ့တယ်။
တစ်နေ့မှာ ကလေးငယ်ကိုအစာကျွေးရင်းက ကလေးပါးစပ်အဟမှာ နီနီစွေးစွေးသွားဖုံးထဲကနေ အဖြူရောင် သွားပေါက်လေးတစ်ချောင်းကို မိစံတွေ့လိုက်မိတယ်။ သားရဲ့ သွားပေါက်လေးကိုတွေ့တော့ မိစံ စိတ်အရမ်းလှုပ်ရှားပြီး မိခင်အိုကို အော်ခေါ်လိုက်တယ်။
"အမေ... အမေ .. သား သွားပေါက်ပြီး အမေ.."
မိစံဘယ်လိုခေါ်ခေါ် အမေပြန်ထူးသံမကြားခဲ့ဘူး။ အမေရှိရာကို သူလှည့်ကြည့်တော့ အမေဟာ မုန့်တစ်တုံးကိုကိုင်ပြီး ငေးစိုက်ကြည့်နေတာကို တွေ့လိုက်တယ်။
အမေ့အနား မိစံသွားပြီး မေးလိုက်တယ်။
"အမေ ဘာကြည့်နေတာလဲ? သမီးခေါ်တာလည်း ပြန်မထူးဘူး.."
"အမေ့သွား တစ်ချောင်းကျိုးသွားတယ် သမီး" အမေအသံနိမ့်နဲ့ ပြန်ဖြေတယ်။
အမေ့နား မိစံတိုးကပ်ကြည့်တော့ အမေစားနေတဲ့မုန့်တုံးပေါ်မှာ သွားတစ်ချောင်းကို တွေ့လိုက်တယ်။ မုန့်တုံးကို မိစံဖျတ်ခနဲယူပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။ ပြီးတော့ မုန့်တစ်တုံးအသစ်ယူပြီး အမေကို ကမ်းပေးတယ်။
"အမေ ဒီမုန့်စား.. ဟိုမုန့်က ညစ်......"
ပြောလက်စ စကားကို မိစံဆက်မပြောဘဲ ရပ်လိုက်တယ်။ "ညစ်ပတ်သွားပြီ"ဆိုတဲ့ စကားကို ပါးစပ်ကမထွက်ခင် သူရပ်လိုက်တာဖြစ်တယ်။
တခြားသွားတုတွေကို အမေဖြုတ်ရင်း သက်ပြင်းတစ်ချက်နဲ့ စကားစတယ်။
"အဲဒါ အမေရဲ့နောက်ဆုံးသွားတစ်ချောင်းပဲ သမီး"
အမေက ပြောပြောဆိုဆို သားလေးရဲ့ သွားပေါက်ကိုကြည့်ပြီး မိစံကို ရယ်ရယ်မောမောနဲ့ စကားဆိုပြန်တယ်။
"ငါ့မြေးလေးက သမီးထက် သွားတစ်လစောပေါက်တယ်။ သမီးတုန်းက သမီး(၁၁)လအရွယ်ရောက်မှ ပထမဆုံးသွား စပေါက်တာ။ သမီးရဲ့ ပထမဆုံးသွားက သမီး(၇)နှစ်ခွဲအရွယ်မှာ စကျိုးတာ။ သမီးရဲ့ ပထမဆုံးသွားကျိုးလေးကို အမေ မှန်တင်ခုံရှေ့က ဘူးထဲမှာ သိမ်းထားသေးတယ် သမီး"
အမေက အတိတ်ကို ပြန်ပြောင်းအောင်းမေ့ရင်း တစ်ချက်ပြုံးလိုက်တယ်။ အမေ့အပြုံးအောက်မှာ သွားမရှိတော့တဲ့ သွားဖုံးရိုးက အတိုင်းသားပေါ်လို့.... အမေ့ရဲ့သွားတွေ ဘယ်တုန်းက ကျိုးကုန်ပါလိမ့်? မိစံ သတိမထားခဲ့မိပါလား...?
နေရာကနေ မိစံဖျတ်ခနဲထပြီး အခုနားက ပစ်ထုတ်လိုက်တဲ့မုန့်တုံးကို အမှိုက်ပုံးထဲမှာ ပြန်ရှာမိတယ်။ အမှိုက်ပုံးထဲကနေ အမေ့ရဲ့သွားကျိုးလေးကို သူကောက်ယူပြီး သေချာဆေးကြောလိုက်တယ်။ ပြီးတော့ အဝတ်စနဲ့ထုပ်ပြီး လက်ဝတ်လက်စားထည့်တဲ့ ဘူးထဲ သူထည့်သိမ်းထားလိုက်တယ်။
တစ်နေ့နေ့တစ်ချိန်ချိန်မှာ သားလေးကို သူ့ပထမဆုံးသွားပေါက်တဲ့အကြောင်း မိစံပြောပြဖြစ်တဲ့အခါ မိခင်အိုရဲ့ နောက်ဆုံးသွားတစ်ချောင်းအကြောင်းကိုလည်း ပြောပြဖို့ မိစံဆုံးဖြတ်လိုက်ပါတယ်။
"ကိုယ့်ရင်သွေးရဲ့ပထမဆုံးသွားတစ်ချောင်းက တစ်နှစ်နဲ့ ဘယ်နှစ်လမှာ ပေါက်တယ်ဆိုတာကို ငါတို့မှတ်မိနေပြီး မိဘရဲ့ နောက်ဆုံးသွားတစ်ချောင်းက ဘယ်အချိန်မှာ ကျိုးသွားသလဲ ဆိုတာကိုတော့ ငါတို့မေ့နေတတ်တယ်"
မူရင်း --- http://www.gushi365.com/info/2960.html

"ကိုယ့်ရင်သွေးရဲ့ပထမဆုံးသွာ
မူရင်း --- http://www.gushi365.com/info/2960.html
အမေ...
အစဉ်အလာအားဖြင့်
( သားသမီးအပေါ် )
အကြဉ်နာထားတာ “အမေ”
ကိုယ်တိုင်မူအရိုးစား
သမီးသားကို အသားကြွေး
စားရေးအတွက် အပြစ်မရှာ
အနစ်နာခံတာ “အမေ”
စားရေးအတွက် အပြစ်မရှာ
အနစ်နာခံတာ “အမေ”
ရသမျှ - ရှိသမျှ
သိသမျှ
ပိုင်ဆိုင်မှု မှန်သမျှ
သမီးသားအတွက် သုံး
အမြဲတန်း ပြုံးနေတာ “အမေ”
အမုန်းကို မတေး
အရှုံုးကို မတွေး
အလုံးစုံး ပေးနေတာ “အမေ”
သားမထိနဲ့ - သမီးမထိနဲ့
ရှိသမျှ ခွန်အား
ရန်သူကို တွန်းတားတာ “အမေ”
အကြင်နာတေး သီ
ရင်မှာအေး သည်
မယှဉ်သာ ဖေးသည်ကား “အမေ”
အမေဟာ ဗြဟ္မာ
အမေဟာ မာတာ
အမေဟာ
(သားသမီးတို့အတွက်)
ထာဝရမှီခိုရာ“သီရိဂေဟာ”ကြီးတစ်ခုပါပဲ
Subscribe to:
Posts (Atom)