Thursday, 15 March 2012

မိုဘိုင်းဖုန်း၊ ကင်မရာနှင့် ကွန်ပျူတာ ပစ္စည်းများကို ဘဏ်၌အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်ပြီ

  တတိယအကြိမ် ရန်ကုန်ဘားကမ့် ကျင်းပသည့် အထိမ်းအမှတ်အနေဖြင့် မိုဘိုင်းဖုန်း၊ ကင်မရာနှင့် ကွန်ပျူတာ နည်းပညာ ပစ္စည်းများကို အရစ်ကျစနစ်ပေးသွင်း၍ ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်မှ လက်ထောက်အထွေထွေ မန်နေဂျာ မမို့မိုလွင်က ပြောသည်။
အစီအစဉ်ကို MRS ကွန်ပျူတာအရောင်းဆိုင်၊ မြန်မာ့အလှ နည်းပညာပစ္စည်း အရောင်းဆိုင်၊ Aliance Star ကွန်ပျူတာအရောင်းဆိုင်၊ ရွှေလမင်းနဂါး ကုမ္ပဏီ တို့နှင့် အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း ဆောင်ရွက်ထားကြောင်း သိရသည်။
“ဆိုင်လေးဆိုင်က လိုချင်တဲ့ပစ္စည်းတွေရှိရင် ဆိုင်မှာဈေးနှုန်း အရင်ညှိလာခဲ့ရပါမယ်။ ပြီး၇င် ဆိုင်ကထောက်ခံချက်တစ်ခု ယူလာပြီးတော့ ဘဏ်ကို ပစ္စည်းတန်းဖိုးရဲ့ ၂၀ ရာခိုင်နှုန်း လာသွင်းရပါမယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကိုတော့ တစ်နှစ်တာကာလ အတွင်း လစဉ် အရစ်ကျ ပေးသွင်းရမှာပါ” ဟု မမို့မို့လွင်က ဆိုသည်။
နည်းပညာပစ္စည်းများ အရစ်ကျ ဝယ်ယူနိုင်မည့် အစီအစဉ်ကို ရန်ကုန်၊ မန္တလး နှင့် နေပြည်တော်မြို့များ၌ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှစတင် ဝယ်ယူနိုင်ပြီဖြစ်ပြီး လိုအပ်ချက်အနေဖြင့် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စု စာရင်းနဲ့ ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာတို့ ဖြစ်ကြောင်း သိရသည်။
နည်းပညာပစ္စည်းများ တန်ဖိုးကို ကျပ်၁သိန်းမှ ကျပ် သိန်း ၅၀၀ အတွင်း ၀ယ်ယူရန် သတ်မှတ်ထားပြီး ဝယ်ယူသူအတွက် အာမခံမှုကို အရစ်ကျ ပစ္စည်းရောင်းချပေးမည့် ကုမ္ပဏီမှ အာမခံပေးခြင်း သို့မဟုတ်၊ ကုမ္ပဏီအဖွဲ့အစည်း တစ်ခုခုမှ အာမခံပေးခြင်း သို့မဟုတ် ဘဏ်အကောင့်ရှိသူ တစ်ဦးဦးမှ အာမခံပေးရန် လိုအပ်ကြောင်း သိရသည်။“ဘဏ်က ငှားရမ်းခနှုန်းထားဆိုပြီး တန်ဖိုးရဲ့ ၇ ရာခိုင်နှုန်း ယူပါတယ်။ ဝန်ဆောင်ခ တန်ဖိုးဆိုပြီး တန်ဖိုးရဲ့ ၁ ရာခိုင်နှုန်းယူပါတယ်။ အဲ့ဒီအတွက် စုစုပေါင်း ပထမအရစ် ပေးသွင်းရာမှာ တန်ဖိုးရဲ့ ၂၈ ရာခိုင်နှုန်း ဖြစ်ပါတယ်” ဟု မမို့မို့လွင်က ပြောသည်။
အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နည်းပညာပစ္စည်းများ အရစ်ကျဝယ်ယူနိုင်သည့် စနစ်ကို တတိယအကြိမ် ရန်ကုန် ဘားကမ့်၌ စတင်မိတ်ဆက် ခဲ့ခြင်းဖြစ်ပြီး မိုဘိုင်းဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ၊ ကွန်ဒိုတိုက်ခန်းများ အရစ်ကျ ဝယ်ယူနိုင်သည့်စနစ်ကိုမူ ယခင်ကတည်းက ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment